နတ်တလင်းမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

နတ်တလင်း   အောက်တိုဘာ  ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အသက်မွေးစမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစ၍ မြို့မရပ်ကွက်၊ မိခင်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက်မွေးစမှ ၁ နှစ်ခွဲအရွယ်ထိကလေးများအား အဆုတ်တီဘီ၊ ငါးမျိုးစပ်(BCG)၊ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ မေးခိုင်၊ ဝက်သက်ရောဂါ ကာကွယ်ဆေး များကို ထိုးနှံတိုက်ကျွေးပေးခဲ့သည်။

နတ်တလင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ်စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ဝေယံဖြိုး