ပြည် အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ယမန်နေ့မွန်းလွဲပိုင်းက ဗိုလ်ချုပ်လမ်းမြို့မရဲစခန်းရှေ့၌ နှာခေါင်းစည်း Mask များနှင့် ဆိုင်ကယ်မောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ တပ်ဆင်မောင်းနှင်ကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က အသိပညာပေးကာလအဖြစ် ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ကြရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်ဦးထုပ် စနစ်တကျတပ်ဆင်ကြရန် အသိပညာပေးခဲ့ပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မပါရှိသူများအား တစ်ဦး(Mask) ၅ ခုကို တစ်ထောင်ကျပ်နှုန်းဖြင့် ဝယ်ယူစေပြီး၊ ဆိုင်ကယ်ဦးထုပ်မပါရှိသူများအား အသိပညာပေး ကာလအဖြစ် ငွေကျပ်တစ်သောင်းဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို နေ့စဉ်နံနက် ၉ နာရီမှ နေလယ် ၁၂ နာရီထိ တစ်ကြိမ်၊ မွန်းလွဲ၂ နာရီမှ ညနေ ၅ နာရီထိ ၁ ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုး(ပြည်)