ပုသိမ် အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ငဝန်မြစ်(သဘာဝရေပြင်)အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို အမှတ် (၁)ရပ်ကွက်၊ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနရုံးရှေ့ ရေဆင်းတံတားတွင် ယနေ့နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုသိမ်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဒေါ်ဝင်းဝင်းသန်းက ငါးမျိုးစိုက်ထည့်ခြင်းနှင့်ပတ်သက်၍ သဘာဝမြစ်ချောင်းများအတွင်းမှ လျော့နည်းသွားသည့် ငါးမျိုးများကို ပြန်လည်ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း၊ ငါးသယံဇာတများ ပေါများလာပြီး ငါးစားသုံးသူများ အလွယ်တကူ ရှာဖွေစားသောက်နိုင်ရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် ယခုကဲ့သို့ ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုက ဦးဆောင်၍ ငဝန်မြစ် (သဘာ၀ရေပြင်)အတွင်းသို့ စုပေါင်းငါးမျိုး စိုက်ထည့်ခဲ့ကြသည်။ ၂ လက်မအရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၃၅၀၀၀၀)၊ ငါးခုံးမကြီးသားပေါက်ကောင်ရေ (၆၀၀၀၀)၊ စုစုပေါင်း ငါးကောင်ရေ (၄၁၀၀၀၀)ကို ပုသိမ်ငါးလုပ်ငန်းစခန်းမှရယူ၍ ငဝန်မြစ်အတွင်းသို့ စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကို၊ ခရိုင်ငါးမျိုးစိုက်ထည့်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးပိုင်နှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်နှင့်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်