ငပုတော အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ အခြေခံပညာ အထက်တန်းကျောင်း (နဝရတ်) ခန်းမတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့”ကို ဂုဏ်ပြုသောအားဖြင့် မြတ်ဆရာ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို “မြတ်ဆရာ” သီချင်းဖြင့် အခမ်းအနားစတင် ဖွင့်လှစ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြီး ဆရာ၊ ဆရာမကြီးများအား ဂါရဝပြု ပူဇော်ကန်တော့ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ကန်တော့ခံ ဆရာ၊ ဆရာမကြီးများအား ကျောင်းသား ကျောင်းသူများက ကန်တော့လက်ဆောင်ပစ္စည်းများ လှူဒါန်းပေးအပ်ရာတွင် ဆရာ၊ ဆရာမ၏ကိုယ်စား၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်မှ ဩဝါဒဆုပေးစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပူဇော်ခံ ဆရာ၊ ဆရာမကြီးများ၏ကိုယ်စား ဆရာ ဦးအောင်မင်းနိုင်မှ ဆုတောင်းမေတ္တာများ ပြန်လည်ပို့သသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်မှာ ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများနှင့် အစပြုဟူသည့် ဆောင်ပုဒ်နှင့်အညီ “ကမ္ဘာ့ဆရာများနေ့” ကျင်းပသည့်အခါသမယတွင် သီတင်းကျွတ်ချိန်နှင့် တိုက်ဆိုင်လျက်ရှိရာ မြန်မာ့ယဥ် ကျေးမှုအစဥ်အလာအရ အန္တနဂိုဏ်းဝင် ဆရာ၊ ဆရာမများအပေါ် ရိုသေစွာဂါရဝပြု ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
အောင်သူ(ငပုတော)