ကန်ကြီးထောင့်မြို့နယ်တွင် ယာဥ်အန္တရာယ် အသိပညာပေးဆိုင်းဘုတ်များစိုက်ထူ

ကန်ကြီးထောင့် အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူများ ယာဥ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေး ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်များအား အောက်တိုဘာလ ၃ ရက်နေ့ ညနေ က ပုသိမ် ရန်ကုန်ကားလမ်းမကြီး လမ်းဘေးဝဲယာရှိ ကျေးရွာများတွင် စိုက်ထူခဲ့ကြကြောင်းသိရှိရသည်။

ထိုသို့စိုက်ထူရာသို့ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်၊ မြို့နယ်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ခံအင်ဂျင်နီယာနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ လိုက်ပါဆောင်ရွတ်ကြပြီး အဆိုပါလုပ်ငန်းဆောင်ရွတ်မှုအပေါ် ကညင်ငူကျေးရွာနေ ပြည်သူတစ်ဦးက " ကျွန်တော်တို့က ပုသိမ်-ရန်ကုန် ကားလမ်းဘေးနေတာဆိုတော့ အကြောင်းရှိရင် နေ့ရယ်ညရယ်မဟုတ်ဘူး ဆိုင်ကယ်နဲ့ အများစုသွားလာနေရတာပါ၊ ရန်ကုန်လမ်းမကြီးဆိုတော့ ဆိုင်ကယ်ရော ကုန်ကားတွေ လိုင်းကားအစုံနဲ့ ဒိန်းဒေါင်းတွေက အမြဲတစေလိုသွားနေကြတာဆိုတော့ အန္တရာယ်ရှိတာပေါ့ ကျောင်းသားကလေးတွေလည်း ရွာကနေ ကန်ကြီးထောင့်သွားတက်နေရတာ၊ အခုလို မြို့နယ်တာဝန်ရှိလူကြီးတွေက အသိပညာပေးဆိုင်းဘုတ်တွေ လာထူပေးတော့ ကျေးဇူးတင်တာပေါ့ဗျာ" ဟု ပြောကြားခဲ့ပါသည်။

မဇင်(ပြန်/ဆက်)