လှိုင်းဘွဲ အောက်တိုဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊လှိုင်းဘွဲမြို့နယ်၌ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လှိုင်းဘွဲမြို့နယ်အတွင်း လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း အခမ်းအနားကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ဘားအံခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဇော်မှ “သမဝါယမနှင့် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒပန်းတိုင်ရည်မှန်းချက်များဖြစ်သော မြို့ပြနှင့်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးကွာဟမှု ကျဉ်းမြောင်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့် ရည်မှန်းချက်များ နှင့်အညီ ကျေးလက်ထုတ်ကုန်၊ လမ်းတံတားနှင့်ကျေးလက်ရေရရှိရေး၊ အခြေခံအဆောက်အအုံများ ကောင်းမွန်တိုးတက်လာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် နိုင်ငံတော်အဆင့် အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ Cash For Work စီမံကိန်း၊ Smart Village စီမံကိန်းနှင့် ကျေးလက်ဒေသစီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF)များကို နှစ်စဉ် သတ်မှတ်လျာထား အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး သင်တန်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းအားတတ်မြောက်နိုင်ရန်အတွက် စနစ်တကျ လေ့လာသင်ယူ ကြရန်လိုအပ်ကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းမှ သင်တန်းအတွက်လိုအပ်သော သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းကို အောက်တိုဘာလ (၃)ရက်နေ့မှ နိုဝင်ဘာလ (၃)ရက်နေ့အထိ သင်တန်းသား (၂၁)ဦးဖြင့် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဖိုးခွား(ပြန်/ဆက်)