တစ်ပိုင်တစ်နိုင် ဒေသကြက်(ခေါ်)ဗမာကြက်များ မွေးမြူရေးလုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေ

ရှမ်းရွာသစ်   အောက်တိုဘာ   ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကိုအဓိကထား လုပ်ကိုင်သည့်မြို့ဖြစ်ပြီး အဆိုပါလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဒေသကြက်( ခေါ်) ဗမာကြက်များ ဈေးကောင်းပေးဝယ်နေ၍ ကြက်မွေးမြူသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြို့အတွင်းရှိ ဒေသခံတောင်သူအများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ မိသားစုတစ်နိုင်တစ် ပိုင်အနေဖြင့် ကြက်သားပေါက်များကို ဝယ်ယူကာ မွေးမြူလေ့ရှိရာ ငါးလကြာလျှင်ကြက်ဉလေ့ရှိပြီး ကြက်မတစ်ကောင်လျှင် ကြက်သားပေါက် ၈ကောင်မှ ၁၃ကောင်အထိ ပေါက်လေ့ရှိကြောင်း၊ (၄၅)ရက် သားကြက် ပေါက်စတစ်ကောင်လျှင် ၂၀၀၀ကျပ်၊ အရွယ်ရောက်ပြီးကြက်တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် ဈေးကောင်း ပေးဝယ်နေ၍ ရောင်းချရကြောင်း၊ ကြက်စာအဖြစ် ဆန်၊ ဆန်ကွဲနှင့် ထမင်းများကိုကျွေးပြီး အရင်းအနှီး နည်းနည်းဖြင့် မိမိ၏ အိမ်ခြံဝင်းများတွင် တစ်ပိုင်တစ်နိုင်မွေးမြူရကြောင်း၊ မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးလည်းအဆင်ပြေလျက်ရှိကြောင်း တစ်နိုင်တစ်ပိုင်ဒေသကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ရှမ်းရွာသစ်မြို့ရှိ ကျေးလက်နေသူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများကို အဓိက ထားလုပ်ကိုင်နေကြပြီး ၎င်းလုပ်ငန်းနှင့်တွဲဖက်၍ ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ကျွဲမွေးမြူခြင်းလုပ်ငန်း များကို လည်း တွဲဖက်လုပ်ကိုင်ပေးလျက်ရှိပြီး လယ်ယာမြေများအတွက် လိုအပ်သော သဘာဝမြေဩဇာများ ဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ ဝက်ချေးတို့ကို အသုံးပြုရန်အတွက် မွေးမြူခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇင်လေး(ပြန်/ဆက်)