ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချ

ဘိုကလေး အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဆန်ရိက္ခာ ဝယ်ယူစားသုံးနိုင်ရန်နှင့် စားဝတ်နေရေး ချောင်ချိသက်သာစေရေးကို ရည်ရွယ်ကာ သတ်မှတ်ရက်များအလိုက် ဘိုကလေးမြို့ပေါ်ရှိ အမှတ် (၆၊ ၇၊ ၈၊ ၉၊ ၁၀) ရပ်ကွက်များ၊ မြို့နှင့် ထိစပ်လျက်ရှိသည့် သာပေါင်းကျေးရွာ၊ ဘုရားချောင်းကျေးရွာ တို့အား ဇီယျာဆန်(၁)ပြည်လျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေး လျက်ရှိရာ ယနေ့ နံနက်(၉)နာရီ၌ အမှတ်(၆)ရပ်ကွက်အတွင်းတွင် ဆန်(၁၁၀၀) ပြည်အား သွားရောက်ရောင်းချ ပေးခဲ့သည်။

အဆိုပါ ဆန်လှည့်လည်ရောင်းချနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း နှင့် အဖွဲ့မှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်းအနေဖြင့် ၎င်းဆန် ရောင်းချမှုအား ဩဂုတ်(၂၃)ရက်နေ့မှ စတင်ရောင်းချ ခဲ့ခြင်းဖြစ်ပြီး စတင်ရောင်းချချိန်မှစ၍ ယနေ့အထိ ဆန်အပြည်ရေ (၂)သောင်းကျော် ရောင်းချ နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)