မုံရွာ အောက်တိုဘာ ၄
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန Home Garden မှ ထွက်ရှိသော မှိုနှင့် အခြားဟင်းသီးဟင်းရွက်များကို Mobile စနစ်ဖြင့် မုံရွာမြို့ပေါ်ရှိပြည်သူများအတွက် လှည့်လည်ရောင်းချခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တိုင်းဒေသကြီး၊ ခရိုင်မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန Home Garden မှ ထွက်ရှိသော ကောက်ရှိုး မှို၊ ငွေနှင်းမို၊ ကန်စွန်းရွက်၊ခရမ်းသီးနှင့် ပဲသီးများကို တစ်ထုပ်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ပြည်သူ ၁၀၀ ဦးကို ရောင်းချပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း ဓာတုဆေးဝါးများမပါရှိဘဲ သဘာဝအတိုင်းထွက်ရှိသော မှိုများနှင့် အခြားသီးနှံများကို ကျန်ရှိရပ်ကွက်များသို့လည်း အပတ်စဉ် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအားလည်း မှိုမျိုးစေ့ထုတ်များလည်း စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးရေးနည်းပညာများကိုလည်း လက်တွေ့လေ့လာ၍ တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင်နိုင်ရန်အတွက် အထူးအလေးထား၍ မိမိတို့စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်လေ့လာနိုင်ပါကြောင်းနှင့် အသိပညာပေးခြင်းများကိုလည်း ဆက်တိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)