အုတ်တွင်း အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ရန်ကုန်-မန္တလေးသွားလမ်း၊ အုတ်တွင်းမြို့အထွက် ဟင်းငုပ်ပင်ဂိတ်နေရာ၌ ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီ၏ဦးဆောင်မှုဖြင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးမြင့်ဇော်၊ အဖွဲ့ဝင်(၂)ဦးတင်ယုနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက်နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)