လွိုင်ကော် အောက်တိုဘာ ၃
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ သက်ကြီးဘိုးဘွားများနှင့် လူမှုအားမာန်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် သက်ကြီးရွယ်အိုများ၏ ဘဝသာယာစိုပြေစေရေး၊ လုံခြုံသော လူမှုဘဝပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရေးအတွက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာ အခြေခံမူများ၊ ဥပဒေများနှင့်အညီ ဘက်ပေါင်းစုံမှ ဆောက်ရွက်ပေးနေကြောင်း၊ ဝင်ငွေလုံခြုံမှု ရှိစေရေးအတွက် လအလိုက်အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ဘိုးဘွားရိပ်သာများတွင် နှစ်စဉ် ဆန်၊ အစားအစာ၊ အဝတ်အစားနှင့် စရိတ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးခြင်း၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများ ပံ့ပိုးနိုင်ရန် ဖွဲ့စည်းထားသော သက်ကြီးသူခြင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များကို ကနဦးမတည်ရန်ပုံငွေများ ထူထောင်ပေးခြင်းတို့ကို ဆောင်ရွက် ပေးနေကြောင်း၊ ကယားပြည်နယ်တွင် လူမှုရေးပင်စင် ထောက်ပံ့ကြေးရရှိသော ဘိုးဘွား(၄၅၈)ဦးကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စက်တင်ဘာလအတွင်း (၁၃.၇၄)ကျပ်သန်း၊ ပြည်နယ်ဘိုးဘွားရိပ်သာကို (၃.၅၂၈)ကျပ်သန်း၊ စိန်မာတင် ဘိုးဘွားရိပ်သာကို (၃.၅၂၈)ကျပ်သန်းတို့ကို လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ထောက်ပံ့ပေးခဲ့ကြောင်း၊ ပြည်နယ်အတွင်း သက်ကြီးရွယ်အို အားလုံး၏ အခွင့်အရေး လုံခြုံသည့်ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး၊ ဥပဒေနှင့်အညီအပြည့်အဝ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးတို့အတွက် ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အားလုံးတို့က ဝိုင်းဝန်းပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က ကယားပြည်နယ်အတွင်းရှိ အသက်အကြီးဆုံးဘိုးဘွား (၃)ဦးအား ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေ အားလည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေနှင့် ဂုဏ်ပြုဂါရဝ လက်ဆောင်ပစ္စည်းများအား လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ဘိုးဘွားများကိုယ်စား သက်ကြီးဘိုးဘွားတစ်ဦး က ဆုတောင်းမေတ္တာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများနှင့် မိသားစုဝင်များ၊ လူမှုအားမာန်အဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခမ်းအနားသို့ တက်ရောက် လာကြသော သက်ကြီးရွယ်အိုအဘိုး၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)