ပေါက်ခေါင်း အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များဖြစ်သည့် ပုံစံ ၆၆/၆ များ စနစ်တကျဆောင်ရွက်ထားရှိရေး၊ သတင်းများအချိန်နှင့်တပြေးညီတင်ပြနိုင်ရေး၊ တရားမဝင်ခိုးဝင်များစနစ်တကျဆောင်ရွက်ရန်၊ ဒေသနွားများအပြင်နို့စားနွားများမွေးမြူနိုင်ရေး၊ တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေးကြိုးစားဆောင်ရွက်သွားရန်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး ဆောင်ရွက်မှုအခြေအနေများကို ဦးစွာရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (First Booster Does)နှင့်(second Booster Does) ထိုးနှံနိုင်ရေးကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးပူးပေါင်းဆောင်ရွက်၍ ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေးနှင့် ပေါက်ခေါင်းမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေးတို့ကို တက်ရောက်လာသူများနှင့်ဆွေးနွေးညှိနှိုင်းခဲ့သည်။
ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)