အုတ်ဖို အောက်တိုဘာ ၃
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗသုသုတများတိုးပွားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီ ၃၀ အချိန်က အ.မ.က ဆင်ဂေါင်း(၁) ကျောင်းတွင် ပြုလုပ်ခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ညွန့်ညွန့်စိန်က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများရှင်းလင်းကို ပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်မြင့်မြင့်မိုးက ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်စေခြင်းနှင့် ပုံပြောခြင်း၊ ဘုဒ်ပြားပြဇာတ်ပြသခြင်း၊ စက္ကူပြဇာတ်ပြသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား၊ ကျောင်းသူလေးများအား သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ စာစောင် စသည့်အုပ်ရေပေါင်း(၁၀၀)ကျော်ကို ငှားရမ်းဖတ်ရှုစေပြီး အသိပညာပေး နံရံကပ်စာစောင်များကိုပြသပေးခဲ့သည်။
အုတ်ဖိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပညာရေးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)