ဘားအံ အောက်တိုဘာ ၃
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့ပြနှင့်ကျေးလက် တပြေးညီဖွံ့ဖြိုးတိုးတက်လာစေရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး နွေမိုးဆောင်းရာသီမရွေး ကူးလူးဆက်ဆံရောင်းဝယ်ဖောက်ကား သွားလာနိုင်သော ကျေးရွာချင်းဆက်လမ်းများကို ဘဏ္ဍာနှစ်အလိုက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိရာ မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး-ကော့ထော်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းပိုင်းသည် ယခုအခါ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။
အဆိုပါလမ်းသည် စုစုပေါင်းအရှည် ၃ မိုင် ၆ ဖာလုံရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ် အထွေထွေပိုလျှံ ရန်ပုံငွေကျပ် ၇၃၇ ဒသမ ၉၉၉ သန်းဖြင့် လမ်းအရှည် ၂ မိုင်၊ အကျယ် ၁၄ ပေ၊ ထု ၇ လက်မနှင့် ၁၀ ပေတံတား တစ်စင်းအား အပိုင်းလေးပိုင်းခွဲ၍ ဇာတိရွှေမြေကုမ္ပဏီ၊ ရှားမူလာကုမ္ပဏီ၊ Gold Q.C ကုမ္ပဏီနှင့် ရွေရောင်လွင်ပြင် ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်ရှိကာ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် အဆိုပါ လမ်းအားဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်းပိုင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အောက်တိုဘာလ ၃ ရက်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဦးစောကျော်ဝင်းနှင့် တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ရှိ သူများက လမ်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုလျော့ချရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက် အမှတ်(၉) ရပ်ကွက် သိမ်တော်ကြီးလမ်းမှ ကမော့ကစင်ကျေးရွာ ဘားအံမြို့ရှောင်လမ်းကို ချိတ်ဆက် ဖောက်လုပ်နေသော သိမ်တော်ကြီး-ကမော့ကစင်လမ်း အရှည် ၁ မိုင် ၇ ဖာလုံ၊ အကျယ် ပေ ၃၀ မြေသားလမ်း ဖောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားမှူးဦးအောင်ညိုမှ ရှင်းလင်းဆောင်၌ လမ်းနှင့်သက်ဆိုင်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း ပြီးစီးရေးလမ်းညွှန်မှာကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖြတ်မြေ/ဖို့မြေလုပ်ငန်းဆောင်ရွက်ခြင်း၊ ရေဖြန်းသိပ်သည်းခြင်း၊ မြေညှိစက်ဖြင့် လမ်းပုံဖော်ခြင်းစသည့် လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်မှ မိုးများသည့်ဒေသဖြစ်သည့်အတွက် ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းပိုင်းကြာရှည်ခိုင်ခံ့ကောင်းမွန်မှုရှိစေရေး Box Culvert များ စနစ်တကျ ထည့်သွင်းတည်ဆောက်ရန်၊ စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေးကြိုးပမ်းဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)