အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်

အုတ်ဖို   အောက်တိုဘာ   ၃

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားရာ မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်လာသောအခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည့်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချသော သင်ခန်းစာများအား စိတ်ပါဝင်စားစွာ လေ့ကျင့်သင်ကြားပြီး ပြည်သူတို့၏ အသက်အိုးအိမ်များကို မီးဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရန် မီးသတိမှုရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်တင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။ ထို့နောက် ဦးအောင်ဇော်မင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တူညီဝတ်စုံများပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၅၀)ဦးမှ လက်ခံရယူခဲ့ကြသည်။

အဆိုပါသင်တန်းကို အောက်တိုဘာ(၃)ရက်နေ့မှ အောက်တိုဘာ (၂၈)ရက်နေ့အထိ (၂၆)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင်ထံမှ သိရသည်။

အောင်သူ(ပြန်/ဆက်)