ကလိန်အောင် အောက်တိုဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိကထားစိုက်ပျိုးလျက်ရှိရာ နှစ်တိုပင် ဖြစ်သော ငှက်ပျောပင်များကိုလည်း မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြစ် စိုက်ပျိုး လုပ်ကိုင်ကြသည်။
ငှက်ပျောပင်များသည် ရာသီမရွေးအသီးသီးကာ နွေရာသီအချိန်တွင် အသီးများအနည်းငယ်သေးပြီး မိုးရာသီနှင့် ဆောင်းရာသီတို့တွင် အသီးများပိုကြီး၍ အထွက်နှုန်းကောင်းသည့် အတွက် ကာလတိုသီးနှံအဖြစ်စိုက်ပျိုးကြပြီး မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် ငှက်ပျောပင်အမျိုးမျိုး စိုက်ပျိုးလျက်ရှိပြီး အဆိုပါငှက်ပျောပင်များ စိုက်ပျိုးပြီး (၈) လခန့်တွင် ငှက်ပျောအဖူးများ စတင်ထွက်ပြီး (၁၀) လခန့်တွင် ငှက်ပျောခိုင်အရင့်များ ဆွတ်ခူးကာ ထားဝယ်မြို့နှင့် ကလိန်အောင်မြို့ရှိ ငှက်ပျောသီး အဝယ်ရောင်း သူများထံသို့ တင်ပို့ရောင်းချကြသည်။ ယခုလို သီတင်းကျွတ်ကာလတွင် ငှက်ပျောသီးများ ပို၍ အဝယ်လိုက်ကြောင်း ငှက်ပျောစိုက်တောင်သူတစ်ဦးက ပြောသည်။
ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလများတွင် ဘုရားဖူး ခရီးသွားလာမှုများသည့်အတွက် ငှက်ပျောသီးအမျိုးမျိုး ရောင်းချရမှစျေးကောင်းရရှိသော်လည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်နှင့် နောက်ပိုင်းတွင် ခရီးသွားလာမှု နည်းပါးခြင်းကြောင့် ငှက်ပျောသီး ရောင်းချရာတွင် စျေးနှုန်းကျဆင်းသွားကြောင်း ငှက်ပျောစိုက်တောင်သူများထံမှ သိရသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)