တနင်္သာရီ အောက်တိုဘာ ၃
နှစ်စဉ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ပညာရေးမိသားစုမှ အငြိမ်းစားဆရာကြီး/ ဆရာမကြီးများအား ကွဲကွာနေသော ဆရာကြီး/ဆရာမကြီးများအချင်းချင်း၊ ဆရာနှင့် တပည့်ဟောင်းများရင်းနှီးစွာ ပြန်လည်ဆုံတွေ့နိုင်ရန်နှင့် တပည့်များက ဆရာသမားများအား တတ်နိုင်သမျှကျေးဇူးဆပ် ထောက်ပံ့ပေးရန်ရည်ရွယ်၍ ဝါဆိုသင်္ဃန်းကပ်လှူ ပူဇော်ပွဲနှင့် မြတ်ဆရာပူဇော်ကန် တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း အစဉ်အလာမပျက် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘဝတစ်ပါးသို့ ကွယ်လွန်ခဲ့ပြီးဖြစ်သော ဆရာကြီး/မကြီးများအား ရည်မှန်း၍ ပင့်လျှောက်ထားသည့် ဆရာတော်/ သံဃာတော်များထံမှ ငါးပါးသီးခံယူ ဆောက်တည်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားနာကြားခြင်း၊ ဝါဆိုင်္ဃန်း၊ နေ့ဆွမ်းနှင့် ဒါတဗ္ဗဝတ္ထုများ ဆက်ကပ်လှူဒါန်း၊ အမျှပေးဝေ သာဓုခေါ်ဆိုခြင်း စသည့်ကောင်းမှုကုသိုလ်များကို မြို့နယ်ပညာရေးမှူးဦးခင်ဇော်နှင့် ပညာရေးဌာန ဆရာ/မများ၊ ဝန်ထမ်းများက စုပေါင်းပြုလုပ်ပေးကြောင်း၊ တစ်ဆက်တည်းမှာပင် ဒုတိယပိုင်းအစီ အစဉ်အရ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်လာသော အသက်ပြည့်အငြိမ်းစား ဆရာကြီး/မကြီး များအား ပညာရေးဌာန ဆရာ/မများက ကန်တော့ချိုးဖြင့် ဝန်ချတောင်းပန်ပူဇော်ကန်တော့ကြပြီး ထောက်ပံ့ငွေနှင့် အမှတ်တရလက်ဆောင်များကို ထောက်ပံ့ပေးကြရာ အငြိမ်းစားဆရာကြီးများက ဆုတောင်းမေတ္တာများပို့သပေးကြကြောင်း သိရှိရသည်။
တနင်္သာရီမြို့နယ်ပညာရေးဌာနအတွင်း (ထက်/လယ်/မူ) အဆင့် မည်သည့်ရာထူးဖြင့်မဆို သင်ကြားရေးတာဝန်ဖြင့် အနည်းဆုံး (၃) နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် (၆၀) ပြည့် ပင်စင် ခံစား၍ သက်ရှိထင်ရှားရှိနေသေးသည့် ဆရာကြီး/မကြီးများအား ကန် တော့ခံဆရာကြီး/ မကြီးများ အဖြစ် ရွေးချယ်သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အငြိမ်းစား ဆရာကြီး/ ဆရာမကြီး ပေါင်း (၅၆) ဦးရှိကြောင်း သိရသည်။
ထိုကဲ့သို့ မြတ်ဆရာပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်းများက တစ်ဦးလျှင် လစဉ်စုဆောင်းငွေ (၅၀၀/-) စီဖြင့် မြတ်ဆရာပူဇော်ပွဲရန်ပုံငွေအဖြစ် ကြို တင်စုဆောင်းထားရှိခဲ့ကြကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ကာလအခြေအနေ/ သွားလာရခက်ခဲသည့် အခြေအနေများကြောင့် မလာရောက်နိုင်သည့် အပူဇော်ခံ အသက်ကြီး ဆရာကြီး/ဆရာမကြီးအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ မြို့ခံကိုယ်စားလှယ်များ/ ကျောင်းအုပ်စုမှူးများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားရှိကြောင်း မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ကော်မတီထံမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း