ဖျာပုံ အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အမှတ်(၉)ရပ်ကွက်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ဖျာပုံမြို့၊ အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့ကြသည်။
ထိုသို့ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာ တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင် ဦးဆောင်သော ဝန်ထမ်းများက အမှတ် (၉) ရပ်ကွက်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများအား အသက် (၁၀)နှစ်ပြည့်ပြီးသူနှင့် အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး၊ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများကိုလည်း နေ့ရက် အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)