ငပုတော အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ်မီးသတ် ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည် ။
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားရာတွင် ပြောင်းလဲလာသော ခေတ်နှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် အလွန်အရေးပါကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချသော လေ့ကျင့်ရေး နည်းပညာရပ်များကို မိမိဒေသ၊ ကျေးရွာများတွင် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်းနှင့် ယခုလို သင်တန်းဖွင့်လှစ်ပေးလျက်ရှိသော မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်က ပြောကြားရာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးသည် အရေးကြီးကြောင်းနှင့် လုံခြုံရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ ကို သင်တန်းသားများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းအောင်က သင်တန်းနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို အောက်တိုဘာလ (၃)ရက်နေ့မှ (၂၈)ရက်နေ့အထိ (၂၅) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား (၅၄)ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
အောင်သူ (ငပုတော)