ဒေးဒရဲ အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရန်၊ သဘာဝဘေး အန္တရာယ် ဖြစ်ပွားလာပါက စနစ်တကျ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူမှုဝန်ထမ်းစိတ်ကို အခြေခံသည့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှုးဖွင့်လှစ်သော အရန်မီးသတ် တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကျုံသင်နယ်မြေ မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မီးသတ်ဦးစီးဌာန အနေဖြင့် ရပ်ရွာအခြေပြု မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ရှာဖွေကယ် ဆယ်ရေးနှင့် ကပ်ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တား ဆီးရေး လုပ်ငန်းများတွင် မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ် ရာတွင် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်၍ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်ကြီး(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် တာဝန်များဆောင်ရွက်ရာတွင် သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များလည်း အတူတကွ ပါဝင်ဆောင်ရွက်သွားရမှာဖြစ်၍ သင်တန်းသားများ အနေဖြင့် ကြိုးကြိုးစားစား သင်ယူလေ့လာသွားကြရန်နှင့် သင်ယူခဲ့သော ဘာသာရပ်များကို အခြေခံပြီး မိမိရပ်ရွာဒေသ မီးဘေးလုံခြုံရေး၊ ရပ်ရွာဘေးအန္တရာယ် လုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါသင်တန်းကို ရပ်ကွက်၊ ကျေးရွာများက အရန်မီးသတ် တပ်ဖွဲ့ဝင် (၅၀)ဦး ရွေးချယ်စုဖွဲ့ ထားပြီး သင်တန်းနည်းပြများအဖြစ် မြို့နယ်မီးသတ်ဦးစီးဌာနကတပ်ဖွဲ့ဝင် (၅)ဦးက စည်းကမ်း သေဝပ်မှု၊ မီးသတ်ပညာဘာသာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များကို ရက်သတ္တပတ်(၄)ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အေဇာလင်း