ကော့သောင်း၊ စက်တင်ဘာ ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားချက်ဖြစ်သည့် ကမ်းဝေးငါးဖမ်း/ငါးသယ်ရေယာဉ်များ ကမ်းနီးငါးလုပ်ငန်းရေပြင်နှင့် တားမြစ်ရေပြင်ဧရိယာအတွင်း ဖြတ်သန်း ဝင်ရောက်ခြင်းနှင့် ဝင်ရောက်ငါးဖမ်းခြင်းကိစ္စရပ်များအား ထပ်ဆင့်အသိပေးရှင်းလင်းပွဲတစ်ရပ်ကို ယမန် နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင်ပြုလုပ်သည်။
ထပ်ဆင့်အသိပေးရှင်းလင်းပွဲတွင် ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသန့်ဇင်က ငါးလုပ် ငန်းဦးစီးဌာန VMS Control Center (ရုံးချုပ်)နှင့်တိုင်းဒေသကြီး၊ ပြည်နယ် VMS Sub-Control Center များ၊ VMS ကုမ္ပဏီများက စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာကမ်းနီးငါးလုပ်ငန်းရေပြင်နှင့်တားမြစ် ဧရိယာအတွင်း ဝင်ရောက်ငါးဖမ်းဆီးသည့် စည်းကမ်းဖေါက်ဖျက်သည့် ကမ်းဝေးငါးဖမ်း/ငါးသယ် ရေယာဉ်များအား အချိန်ပြည့်စောင့်ကြည့်စစ်ဆေးဖေါ်ထုတ်အရေးယူမှုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း၊ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များကို ဖေါက်ဖျက်ကျူးလွန်သည့် ငါးဖမ်း/ငါးသယ်ရေယာဉ်များကို တိုင်းဒေသကြီး/ပြည်နယ်များရှိ VMS Sub-Control Centerများ က ကြိုတင်သိရှိကာ တားမြစ်ထွက်ခွာစေမည်ဖြစ်ပြီး ရေယာဉ်ပိုင်ရှင်အား ပထမအကြိမ်ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ဒုတိယအကြိမ်ကျူးလွန်ပါက အရေးမှုများပြုလုပ်မည်ဖြစ်ကြောင်း၊ ငါးဖမ်းရေယာဉ်မီးလောင်၊ နစ်မြုပ်၊ ပျက်စီးခြင်း၊ အရေးပေါ်မုန်တိုင်းနှင့် ကြုံတွေ့မှုများကြောင့် ကျွန်းခိုခြင်း၊ ကမ်းကပ်ခြင်းဆောင်ရွက်လိုပါက ရေယာဉ်တည်နေရာကို လဒ်တီတွဒ်၊ လောင်ဂျီတွဒ်များဖြင့် ချက်ခြင်းတင်ပြပါက ချက်ခြင်းခွင့်ပြုပေးမည်ဖြစ်ပါကြောင်း၊ တားမြစ်ဧရိယာအတွင်း ဝင်ရောက်ပစ္စည်းသယ်ခြင်း၊ ရေချိုခပ်ခြင်း၊ ငါးသယ်ခြင်း၊ ငါးကဲ့ခြင်း စသည့်အခြားအရေးပေါ်မဟုတ်သည့်ကိစ္စရပ်များပေါ်ပေါက်လာပါက သွားရောက်လိုသည့်တည်နေရာ အမည်နှင့် ခန့်မှန်းလဒ်တီတွဒ်၊ လောင်ဂျီတွဒ်၊ အချိန်တို့ဖေါ်ပြကာ (၃)ရက်ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက်တက်ရောက်လာကြသည့် ကမ်းဝေးငါးဖမ်းရေယာဉ်နှင့်ငါးသယ်ရေယာဉ်ပိုင်ရှင်များ၊ ငါးလုပ်ငန်း ကုမ္ပဏီများ၊ ငါးလုပ်ငန်းရှင်များ၏ သိလိုသည့်၊ မရှင်းလင်းသည့်မေးမြန်းချက်များကို ခရိုင်ငါးလုပ်ငန်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးသန့်ဇင်နှင့် ကော့သောင်းဒေသခံ ကမ်းဝေးငါးဖမ်းရေယာဉ်နှင့်ငါးသယ် ရေယာဉ်ပိုင်ရှင်များ၊ ငါးလုပ်ငန်းကုမ္ပဏီများ၊ ငါးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)