ဇီးကုန်းမြို့နယ်၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး Campaign ဆောင်ရွက်

ဇီးကုန်း     အောက်တိုဘာ  ၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်အတွင်း သဘာဝသယံဇာတဂေဟစနစ်ကို ပျက်ဆီးစေသော  ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး Campaign လှုံ့ဆော်ရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ မြို့မဈေးကြီး၌ ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇီးကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဒေါ်နုနုခိုင်နှင့်ဝန်ထမ်းများ၊ မြို့မဈေးတာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဈေးကော်မတီဝင်များ၊ ဝန်ထမ်းများသည် သဘာဝသယံဇာတ ဂေဟစနစ်ကို ပျက်စီးစေသော ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို လျော့ချရန်အတွက် ဈေးရောင်းဈေးဝယ်သူ ပြည်သူများအနေဖြင့် ကြွပ်ကြွပ်အိတ် အသုံးပြုခြင်းကို လုံးဝမပြုလုပ်ရန်၊ ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ စက္ကူအိတ်၊ ငှက်ပျောရွက်၊ အင်ဖက်စသည်တို့ကို အစားထိုးအသုံးပြုရန်၊ ရက်သတ္တတစ်ပတ်လျှင် တနင်္ဂနွေနေ့တိုင်း ဈေးရောင်းဈေးဝယ်သူ ပြည်သူများအနေဖြင့် ကြွပ်ကြွပ်အိတ်ကို လုံးဝအသုံးမပြုခြင်းဖြင့် လိုက်ပါဆောင်ရွက်ပြီး ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေး Champaign ဆောင်ရွက်ပေးပါရန် လှုံ့ဆော်ကာ ဈေးဆိုင်များသို့ စက္ကူအိတ်၊ ငှက်ပျောရွက်နှင့် အင်ဖက်များ ဖြန့်ဝေပေးပြီး၊ လှုံ့ဆော်ရေးအသိပေးချက် ဗီနိုင်းများချိတ်ဆွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး Campaign လှုံ့ဆော်ရေးဆောင်ရွက်ခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဈေးရောင်း ဈေးဝယ်ပြည်သူများ လိုက်နာဆောင်ရွက်စေလိုကြောင်းကို စည်ပင်သာယာမြို့မဈေးကြီးတာဝန်ခံ ဦးခင်မောင်ထွန်းထံမှသိရသည်။

တင့်ဆွေ(ပြန်ဆက်)