ဇီးကုန်း အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်စွမ်းအားဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာဦးဝင်းမင်းထွန်းက ဝန်ကြီး၏လမ်းညွှန်မှုများနှင့် လျှပ်စစ်စွမ်းအားဌာန၏ ဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား လျော့နည်းဆုံးရှုံးမှုမဖြစ်စေရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လျှပ်စစ်ဓာတ်အားခ ပေးသွင်းရန်ကျန်ရှိမှု မရှိစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်ဇောနှင့်ဝန်ထမ်းများ၊ ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီဝင်များ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်းနှင့် ဇီးကုန်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားသုံးစွဲခ ပေးသွင်းရန်ကျန်ရှိမှု (၀.၈၆)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)