ဘိုကလေးမြို့နယ်အတွင်း လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးရေး အတွက်  မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးလက်နေပြည်သူများတွေ့ဆုံ

ဘိုကလေး အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း၌ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ အကြီးအကဲများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဘိုကလေးမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ကသပေါင်းရွာသစ်၊ မုန်တိုင်းဒဏ်ခံအဆောက်အဦး၌ ဒေါင့်ကြီးကျေးရွာအုပ်စုရှိ ပြည်သူများနှင့် အောက်တိုဘာ(၂)ရက်နေ့ နံနက်(၁၀)နာရီ၌လည်းကောင်း၊ နေ့လယ်(၂)နာရီတွင် စက်ဆန်းကျေးရွာအုပ်စုရှိ ပြည်သူများနှင့် အ.ထ.က(စက်ဆန်း)ကျောင်းတွင် လည်းကောင်း တွေ့ဆုံပွဲ ပြုလုပ်သည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းမှ မိမိတို့နယ်မြေ ဒေသများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိက အရေးပါသောအချက်မှာ ရပ်ရွာတည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်း ပြောကြားပြီး ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှရဲမှူး မျိုးအောင်ထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်ကြီးလှမျိုးသိန်းတို့မှ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ အသိပညာပေး ပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ရုံး၏ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်မှ နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဒုတိယဦးစီမှူး ဦးကျော်ကျော်မင်းမှ ကြိုးဝိုင်းသစ် တောဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန်နေဂျာ ဒေါ်မြမြဦးမှ စိုက်ပျိုးစရိတ် ချေးငွေများအကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးမှနေကြာစိုက်ပျိုးမှု နည်းပညာများ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဦးအောင်အောင်ဆွေမှ ငါးဖမ်းခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းသူရိန်မှ လမ်းနယ်နိမိတ်အတွင်း ကျူးကျော် မှုများနှင့် ပတ်သတ်သည့် အကြောင်းအရာများ၊ မြို့နယ်ပညာရေးမှူး ဦးကျင်ရွှေမှပညာရေးဆိုင်ရာ အချက်အလက်များနှင့် ဝန်ထမ်းဖြည့်တင်းမှုဆိုင်ရာများ အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး စက်မှုလယ်ယာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှဌေးမှ မိတ္ထီလာမြို့နယ်၌ ဖွင့်လှစ်ထားသည့် စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းအတွက် သင်တန်းသားများ ဖိတ်ခေါ်ဆောင်ရွက်ခဲ့သည်။

ဌာနဆိုင်ရာများ၏ ဆွေးနွေးပြောကြားမှုအပြီးတွင် ဒေသခံပြည်သူများမှ ၎င်းတို့၏ နယ်မြေဒေသ အတွင်းမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်နေမှုများအား ဆက်လက်၍ တင်ပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ဌာနများမှ ပြန်လည်ဖြေကြားရှင်းလင်းပေးခဲ့ကြောင်းနှင့် အဆိုပါ တွေ့ဆုံပွဲများပြုလုပ်ခဲ့သည် ဒေါင့်ကြီးကျေးရွာအုပ်စုနှင့် စက်ဆန်းကျေးရွာအုပ်စုအတွင်းမှ ဘုန်းတော်ကြီးကျောင်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္တုများကိုလည်း ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)