ကမမောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား စွမ်း​ရည်မြှင့်သင်တန်းပို့ချ

ကမမောင်း စက်တင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖာပွန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးဦးက ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန် စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့​နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ထွန်းက သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများအကြောင်းကို ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ဖာပွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်း​ရေးမှူး ဒေါ်ရီရီခိုင်က မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်း၊ မဲဆန္ဒနယ်များသတ်မှတ်ခြင်း၊ မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးအတွက် မဲစာရင်းပြုစုခြင်း၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသူများ ကြိုတင် မဲပေးနိုင်ရေး အတွက် မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒနယ်ပြင်ပရောက်သူများ ကြိုတင်မဲစာရင်းပြုစုခြင်း၊ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ဖွဲ့စည်းပုံများ စသည့်ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်း​ဆွေး​နွေး သင်ကြားပို့ချ​ပေးခဲ့​ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြင့် သင်တန်း တွင် သင်တန်းနည်းပြ ဆရာ (၅) ဦးတို့က ရပ်ကွက်/ကျေးရွာအုပ်စု (၇) အုပ်စုမှ သင်တန်းသား၊ သင်တန်းသူ (၂၆) ဦးအား သင်ကြားပို့ချ​ပေးခဲ့ကြောင်း၊ သင်တန်း ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား​သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

​နော်ကွယ်ကပေါ်ဖော(ပြန်/ဆက်)