ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား လုပ်ငန်းအရည်အသွေးပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၁၂)တွင် ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရေးအတွက် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပွင့်ဖြူမြို့နယ် ပန်းတုံးကြီးကျေးရွာနှင့် ပန်းတုံးလေးကျေးရွာသို့ ကွင်းဆင်းပြီး ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီစေရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းကို ပွင့်ဖြူမြို့နယ် ကနီကျေးရွာ၊ မင်းလှကျေးရွာ၊ ရွာထောင်ကျေးရွာ၊ ဇောင်းချမ်းကုန်းကျေးရွာ၊ ကျောင်းစု ကျေးရွာ၊ ပန်းတုံလေးကျေးရွာ၊ ရေချမ်းစင်ကျေးရွာ၊ နှောကျင်းကျေးရွာ၊ ဖလံတော ကျေးရွာ၊ ညောင်ခြုံကျေးရွာ၊ ပန်းတုံးကြီးကျေးရွာနှင့် ညောင်လှကျေးရွာ၊ စုစုပေါင်း ကျေးရွာ(၁၂)ရွာတွင် ကျေးရွာ တစ်ရွာလျှင် (VDP) စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)စီ ထောက်ပံ့၍ ကျေးရွာများမှ ပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် လမ်းအကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ မြေနီကျောက်စရစ်လမ်းအဖြစ် စက်တင်ဘာ (၅)ရက်နေ့က စတင်ပြီး အကောင်အထည်ဖော် ဖောက်လုပ် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာများမှ စီမံကိန်းလုပ်ငန်း ကြီးကြပ်မှု ကော်မတီက ဦးဆောင်၍ ကျေးရွာပြည်သူ စုပေါင်းပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရကာ ယနေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည် အသွေး ပြည့်မီစေရေးအတွက် ပွင့်ဖြူမြို့နယ် ပန်းတုံးကြီးကျေးရွာနှင့်ပန်းတုံးလေးကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေအား စီမံကိန်း မူဘောင်ပါ သတ်မှတ်လမ်းကျယ်နှင့် လမ်းအမြင့်ထု ပြည့်မီမှု ရှိ/မရှိ တို့ကို တိုင်းတာစစ်ဆေးခဲ့ကြပြီး ကျေးရွာစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ရေရှည်သွားလာအသုံးပြုနိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။  

ယင်းကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ပန်းတုံကြီး ကျေးရွာနှင့် ပန်းတုံးလေးကျေးရွာရှိ အိမ်ခြေ ၂၅၂ အိမ်၊ လူဦးရေ ၈၆၂ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသည့်ဒေသထွက်ကုန်သီးနှံများကိုလည်း လွယ်လင့်တကူ သယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးလှဌေးမောင်က ပြောသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )