ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် အသင်းလိုက်တံခွန်စိုက်ဆုရရှိခဲ့သော တိုင်းဒေသကြီး ကိုယ်စားပြု ဘိလိယက်နှင့် စနူကာအသင်း ဂုဏ်ပြုပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပုသိမ် အောက်တိုဘာ ၂

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် အသင်းလိုက် တံခွန်စိုက် ဆုရရှိခဲ့သော တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့‌နေ့လည်ပိုင်းတွင် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တံခွန်စိုက်ဆုရရှိသည့် ဘိလိယက်နှင့် စနူကာအသင်းမှ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် ရရှိခဲ့သည့် အသင်းလိုက် တံခွန်စိုက်ဆုဖလားအား တာဝန်ရှိသူများမှ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အပ်နှံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ “ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် အသင်းလိုက်တံခွန်စိုက် ဆုဖလားရရှိအောင ်ကြိုးစားခဲ့ကြသည့် အားကစားသမားများ၊ နည်းပြအုပ်ချုပ်သူများကို  ယခုကဲ့သို့ တိုင်းဒေသ ကြီး၏ ဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ထိုက်သင့် သည့် ဂုဏ်ပြုချီးမြှင့်ခြင်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ ထို့ပြင်တိုင်းဒေသကြီး အားကစားကဏ္ဍတိုးတက်လာစေရေးအတွက် အားကစားသိပ္ပံကျောင်း ရရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊တိုင်းဒေသကြီးသည် လူ့စွမ်းအားအရင်းအမြစ်များ များစွာရှိပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေး မြို့နယ်၊ ခရိုင်၊ အခြေခံပညာ၊ အဆင့်မြင့်ပညာအလိုက် စနစ်တကျ လေ့ကျင့်ပျိုးထောင် ပေးကြရမှာဖြစ်ပါကြောင်း၊ ဆက်လက်ယှဉ်ပြိုင်ရမည့် အားကစားပြိုင်ပွဲများတွင်လည်း ယခုကဲ့သို့ တံခွန်စိုက်ဆုဖလားများ ရရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် လိုပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း တိုင်းဒေသကြီး ကိုယ်စားပြုမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဖြစ်လာစေရေး ကြိုးစားကြရန်”ပြောကြားခဲ့ပြီးနောက်  ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် အသင်းလိုက်တံခွန်စိုက် ဆုဖလားရရှိခဲ့သည့် တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာအသင်းအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဘိလိယက်နှင့်စနူကာ အသင်းနည်းပြနှင့် အားကစားသမားများက ပြိုင်ပွဲအတွေ့အကြုံများ၊ ယှဉ်ပြိုင်အနိုင်ရရှိမှုများနှင့် လိုအပ်သည်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)