ပုသိမ် အောက်တိုဘာ၂
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊စက်တော်ရာ ဘိုးဘွားရိပ်သာ၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်နှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အ ဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံရှိပြည်သူများ၏ မျှော်မှန်းသက်တမ်းမှာ ပျမ်းမျှအားဖြင့် ၆၉.၁ နှစ်ဖြစ်ပြီး အမျိုးသားများ၏ မျှော်မှန်းသက်တမ်းမှာ ၆၉.၅နှစ်၊ အမျိုးသမီးများ၏ မျှော်မှန်း သက်တမ်းမှာ ၇၂.၂ နှစ်ရှိသည်ကို သိရှိရပါကြောင်း၊ တိုင်းဒေသကြီးရှိ ကျုံပျော်မြို့နယ်တွင် အသက် ၁၁၆ နှစ် အဘိုးတစ်ဦး၊ မော်ကျွန်းမြို့နယ်တွင် အသက် ၁၁၃ နှစ် အဘွားတစ်ဦးတို့ ကျန်းမာစွာနေထိုင်လျက်ရှိရာ အသက်ရာကျော် ဘိုးဘွားများရှိနေတာကို ဝမ်းမြောက် ဂုဏ်ယူစွာ တွေ့ရှိရပြီး ကျန်းမာရေးစောင့်ရှောက်မှုများ မလစ်ဟင်းစေရေး ပြုစုစောင့်ရှောက် ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ(၁၅)ခုနှင့် ရိပ်သာများရှိ အဘိုးအဘွားများအတွက် ထောက်ပံငွေများကိုလည်း ထောက်ပံ့ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် အဘိုးအဘွားများ အသက်ရာကျော်ရှည်၍ ဘာသာသာသနာရေးကိစ္စရပ်များကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း” ဆုတောင်းဂုဏ်ပြုစကား ပြောကြားခဲ့ပြီး အဘိုးအဘွားများအား လက်အုပ်ချီမိုးပူဇော်ကန်တော့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်တော်ရာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် ဆေးပဒေသာပင်အလှူငွေနှင့် ဘိုးဘွားရိပ်သာ တည်ဆောက်ရန်အတွက် အလှူငွေများအားလည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက ကျုံပျော် ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအတွက် ဆေးပဒေသာပင် အလှူငွေများ အားလည်းကောင်းလှူဒါန်းခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဇနီးများက စက်တော်ရာဘိုးဘွားရိပ်သာရှိ အဘိုးအဘွားတစ်ဦးချင်းစီအားဆေးပစ္စည်းနှင့် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြရာ ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးမှ ကျေးဇူးတင် မေတ္တာပြန်လည်ပို့သပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ မတက်ရောက်နိုင်သော အဘိုးအဘွားများအတွက် ကန်တော့ပစ္စည်းများအား နေရာအရောက် လှူဒါန်းပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးမိသားစု၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်များမှ တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ (၁၅)ခုအတွက် ဆေးပဒေသာပင်အလှူငွေ၊ ခရိုင်(၈)ခရိုင်ရှိ အသက်အကြီးဆုံးဘိုးဘွားများထောက်ပံ့ငွေ၊ စက်တော်ရာ ဘိုးဘွားရိပ်သာရှိဘိုးဘွားများအတွက် ထောက်ပံ့ငွေများ လှုဒါန်း ထောက်ပံ့ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနား တက်ရောက်သည်။ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ အရာရှိများမှ မြန်မာ့ ရဲသီချင်းဖြင့် ဂုဏ်ပြသီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ၁၈၈၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ အဆင့်ဆင့် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ၁၉၉၅ အောက်တိုဘာလ ၁ ရက်နေ့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ပြည်သူ့အကျိုးစီးပွားကို တရားဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက် ဆောင်ကြဉ်းနိုင်စေရေး အသွင်သဏ္ဍာန်ရောအနှစ်သာရ ပါပြောင်းလဲလာအောင် အစီအမံများ ချမှတ်ဆောင်ရွက်ခဲ့ရာ ယနေ့ဆိုရင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်တဲ့ ပြည်တွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ခေတ်နှင့်အညီ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလျက်ရှိရာ (Interpol) အဖွဲ့ဝင်ဖြစ်ပြီး အဖွဲ့ချုပ်နှင့် အဖွဲ့ဝင် နိုင်ငံများတွင် နိုင်ငံတကာရဲလုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု၊ မှုခင်းသတင်းအ ချက်အလက်များဖလှယ်မှုအပြင် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်း စဉ်များကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများတွင် အဓိကအကျဆုံးဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အားလုံးဟာ တာဝန်ခံမှုတာဝန်ယူမှုပြုနိုင်တဲ့ ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်ကြပြီး ပြည်သူလူထုရဲ့ အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင် ရဲလုပ်ငန်း၊ဥပဒေလုပ်ထုံးလုပ်နည်း၊ ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အစဉ် ကြိုးပမ်းလုပ်ဆောင်သွားရန်”ပြောကြားခဲ့ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၏ သဝဏ်လွှာအားဖတ်ကြားသည်။
ဆက်လက်၍ ဆုရတပ်ဖွဲ့ဝင်များအားဆုချီးမြှင့်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စီမံထူးချွန်တံဆိပ်၊ ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်ရရှိသူများအားလည်းကောင်း၊ အနောက် တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့မှ ရဲဗလတံဆိပ်ရရှိသူများနှင့် ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ်ရရှိသူအားလည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးအဖွဲ့၏ဆုချီးမြှင့်ခြင်းခံရသူနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်း လတ်မှတ်ရရှိသူများအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ရဲတပ်ဖွဲ့နေ့အထိမ်း အမှတ် Video Clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ကာ အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပြခန်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)