မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဝန်ထမ်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

မော်လိုက်  အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား ဝန်ထမ်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲက ခရိုင်ပြည်သူ့အားကစားကွင်း တွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဗိုလ်လုပွဲတွင် မြို့မ(၁)ရပ်ကွက်ကိုယ်စားပြုဘောလုံးအသင်းက မြို့မ(၂)ရပ်ကွက်ကိုယ်စားပြု ဘောလုံးအသင်းအား သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဝဏ္ဏထွန်းနှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု ရရှိကြသည့် ဘောလုံးအသင်း များနှင့် နေရာအလိုက် တစ်ဦးချင်း အကောင်းဆုံးကစားသမားများအတွက် ဆုဖလားနှင့် ဂုဏ်ပြု ဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား ဝန်ထမ်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲကို" ပြည်သူ လူထုအတွင်း အားကစားစိတ်ဓာတ်၊ အားကစားအသိပညာ ပြန့်ပွားရေး၊  လူငယ်မျိုး ဆက်သစ် အားကစားသမားများ လေ့ကျင့်ပျိုးထောင်နိုင်ရန်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံ့ဂုဏ်သိက္ခာအတွက် အားကစားဖြင့် မြှင့်တင်ပေးရေး၊ နိုင်ငံ့လက်ရွေးစင် အားကစား သမား များပေါ်ထွက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး၊ ဌာနဆိုင်ရာ ဝန်ထမ်းမျာအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်" စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ဌာနဆိုင်ရာကိုယ်စားပြု ဘောလုံးအသင်း(၆)သင်း၊ ရပ်ကွက်ကိုယ်စားပြု ဘောလုံး အသင်း (၂)သင်း စုစုပေါင်းအမျိုးသား ဘောလုံးအသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး