ပွင့်ဖြူ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာသည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်၍ လူထုလှုပ်ရှားမှု အသိပညာပေး Mask Campaign ပြုလုပ်ခြင်းနှင့် ပညာပေးလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့အဝင် သမ္မာဆန္ဒ ကရုဏာရှင်များနာမှုကူညီရေးအသင်းရုံးအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့တွင်း ဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို တွေ့ဆုံပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာသည့်အခါတိုင်း ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာကြရန် ၊ တတ်နိုင်သမျှ လူစုလူဝေးရှိသောနေရာများသို့ သွားလာခြင်းအား ရှောင်ကြဉ်ကြရန် ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအး အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုအား ခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များကို အလေးထားလိုက်နာကြရန်တို့ကို ပညာပေးရှင်းလင်းဆွေးနွေး ပြောကြားပြီး ပါးစပ်နှာခေါင်းစည်းနှင့် ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် ပါးစပ် နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေးအတွက် အရှိန်အဟုန်မပျက် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )