ထားဝယ် အောက်တိုဘာ ၁
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က အဖွင့်မိန့်ခွန်းပြောကြားရာ၌ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေတွင်“ မြန်မာနိုင်ငံရဲတပ်ဖွဲ့” လို့ အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပြီး ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သည် ယခုဆိုရင်(၅၈)နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်ဖွဲ့ဝင် တစ်ဦးချင်းစီ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်ကျင့်တရား၊ လုပ်ငန်းစွမ်းရည်များ ပြည့်ဝနေစေရန် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ပြီး ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေသော တပ်ဖွဲ့ဖြစ်ကြောင်း၊ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့တွင် တစ်နိုင်ငံလုံးအနေဖြင့်နိုင်ငံတော် က ချီးမြှင့်သောစွမ်းရည် သတ္တိဆိုင်ရာ ဆုတံဆိပ်များအနေဖြင့် ရဲသူရတံဆိပ်ရရှိသူ (၆၃)ဦး၊ ရဲဗလတံဆိပ် (၅၅၀)ဦး၊ ရဲကျော်စွာတံဆိပ် (၉)ဦး၊ ရဲကျော်သူတံဆိပ် (၃)ဦး၊ စုစုပေါင်း (၆၂၅)ဦးချီးမြှင့်ပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ရဲဗလတံဆိပ် ဆု (၇)ဦးချီးမြှင့်ခံရတာကို တွေ့ရသောကြောင့် အထူးဝမ်းမြောက် ချီးကျူးဂုဏ်ပြုပါကြောင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထုက လေးစားပြီးကိုယ်ရည်ကိုယ်သွေး ပြည့်ဝသော တပ်ဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မြှင့်တင်နိုင်အောင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ခင်ကျော် က ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ က ရဲသူရတံဆိပ်ရရှိသူများနှင့် ရဲဗလတံဆိပ်ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသော ဧည့်သည် တော်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆောင်ရွက်ချက်များ Video Clip ပြသခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)