ဘားအံ အောက်တိုဘာ ၁
ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ထိ အမှုကြီး ၆၅ မှု၊ အခြားအမှု ၈၇၆ မှု၊ ကြိုတင်ကာကွယ်မှု ၇၅၄ မှု စုစုပေါင်းအမှု ၁၆၉၅ မှုကို အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်များထက် ပိုမို၍ ပြည်သူကိုဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း ယနေ့နံနက် ၈ နာရီခန့်က ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က တစ်နှစ်တာအတွင်းမှုခင်းများ ဖော်ထုတ်အရေးယူနိုင်မှု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ပိုမိုဆောင်ရွက်နိုင်မှု၊ ပညာပေး၊ စည်းရုံးဆောင်ရွက်နိုင်မှုတို့တွင် ယခင်နှစ်များထက် ပိုမို၍ ပြည်သူကိုဝန်ဆောင်မှုပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်မှချီးမြှင့်သည့် စွမ်းဆောင်ရည်နှင့် ဂုဏ်ထူးဆောင်တံဆိပ်များအနက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲသူရတံဆိပ် ၂ ဦး၊ ရဲဗလတံဆိပ် ၈ ဦးနှင့် စီမံထူးချွန် တံဆိပ်(ဒုတိယအဆင့်) တစ်ဦးတို့ရရှိခဲ့သည့်အတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကိုယ်စား ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ စည်းလုံးညီညွတ်မှုပိုမိုခိုင်မာအောင် တည်ဆောက်ပြီး ကရင်ပြည်နယ်ရှိ ပြည်သူများကို ပိုမို၍ ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော် က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်၏ သဝဏ်လွှာကို ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ရဲသူရ တံဆိပ်ရရှိသော တပ်ဖွဲ့ဝင် (၂)ဦး၏ ဇနီးများနှင့်ရဲဗလတံဆိပ်ရရှိသော တပ်ဖွဲ့ဝင်တစ်ဦးကိုလည်းကောင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း က ရဲဗလတံဆိပ်ရရှိသော တပ်ဖွဲ့ဝင်တစ်ဦး၊ ကျဆုံးတပ်ဖွဲ့ဝင်၏ မိခင်နှင့်ဇနီးတို့အား ဆုတံဆိပ်များကို လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် က ရဲဗလတံဆိပ်ရရှိသော တပ်ဖွဲ့ဝင်(၄)ဦးအား ဆုတံဆိပ်များကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်နှင့် အရာရှိကြီးများ၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးနှင့် စည်းရုံရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အမှုထမ်းကောင်းလက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်် ဆုတံဆိပ်ပေါင်း ၃၀ ကို ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးခဲ့ကြပြီး ခင်းကျင်းပြသထားသည့် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)