ပွင့်ဖြူမြို့နယ်၌ ပန်ရွှေဖူးစားပြောင်းသီးနှံ စိုက်ပျိုးတောင်သူများ ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် မြေအောက်ရေဖြင့် ပန်ရွှေဖူးစား ပြောင်းသီးနှံ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မြေအောက်ရေနှင့် မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး စိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် မိသားစုနေ့စဉ်ဝင်ငွေ ရရှိသည့် ဟင်းသီးဟင်းရွက်စားပင်သီးနှံများဖြစ်သည့် ဖူးစားပြောင်း ၊ ငရုတ် ၊ ကြက်သွန် ၊ ခရမ်းချဉ် ၊ ခရမ်းစိမ်း ၊ ခရမ်းညို ၊ မုံလာဥဖြူ ၊ ဆလပ် ၊ ပန်းမုံလာ ၊ အာလူး ၊ မုံလာဥနီ ၊ ဂေါ်ဖီထုပ် ၊ ကြက်ဟင်းခါး ၊ နံနက် ၊ ချဉ်ပေါင် ၊ ပဲရှည်သီး ၊ တိုင်ထောင်ပဲသီးနှံ အစရှိသည့် စားဖိုချောင်သီးနှံများကို အများဆုံးစိုက်ပျိုးကြ ကြောင်းသည့်အပြင် အချို့တောင်သူများက ကံ့ကော် ၊ ဂန္ဓမာ ၊ မေမြို့ပန်း ၊ နှင်းပန်း ၊ နှင်းဆီပန်း ၊ သစ္စာပန်း ၊ စံပယ်ပန်း ၊ ရွက်လှပန်းမျိုးစုံနှင့် ခရေပန်းမျိုးစုံတို့ကို ဥယျာဉ်ခြံမြေများဖြင့် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

ထိုသို့ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံစိုက်ပျိုးရေး လုပ်ငန်းတွင် ပန်ရွှေဖူးစားပြောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ယခုလတွင် လှိုင်လှိုင်ဆွတ်ခူးရောင်းချနေရပြီး ပန်ရွှေဖူးစားပြောင်း လက်လီဈေးမှာ (၆)ဖူးလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချရပြီး ဖောက်သည်ဈေးအနေဖြင့် (၆)ဖူးလျှင် ငွေကျပ် ၁၂၀၀ နှုန်း ရောင်းချရသဖြင့် နေ့စဉ်  မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင်သူများက ပြောသည်။   

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ဖူးစားပြောင်းသီးနှံစိုက်ပျိုးခြင်းကို ဈေးကွက်အတွင်း ရောင်းအားကောင်းသည့် ပန်ရွှေဖူးစားပြောင်း၊ သံကြားပြောင်းနှင့် ပြောင်းစေးသီးနှံမျိုးတို့ကို အဓိကစိုက်ပျိုးကြပြီး ယခုလို ဖူးစားပြောင်းသီးနှံများ လှိုင်လှိုင်ပေါ်ချိန်တွင် စိုက်ပျိုးတောင်သူများ ဝင်ငွေကောင်းမွန်သလို ဖောက်သည်ဝယ်ယူ၍ တစ်ပိုင်တစ်နိုင် ပြောင်းဖူးမီးဖုတ် ပြုလုပ်ရောင်းချသူများလည်း နေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )