လွိုင်ကော် အောက်တိုဘာ ၁
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များသည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းပြီး ဘေးကင်းလုံခြုံမှု ရှိသည့်လူ့အဖွဲ့အစည်း ထူထောင်သည့်နေရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်၍တာဝန် ထမ်းဆောင်လျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်လာစေရန် ချမှတ်ထားသော စည်းကမ်းနှင့် ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းပြီး လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက် သွားရမည်ဖြစ်ကြောင်း၊ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သော မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ လူကုန်ကူးမှုကာကွယ်တားဆီးရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူအပေါ်သစ္စာစောင့်သိပြီး ပြည်သူ့အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံပြည်သူများနှင့် ကဏ္ဍပေါင်းစုံတွင် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မောင်မောင်ဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့ဝင်များ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)အားလည်းကောင်း၊ ရဲသူရဘွဲ့တံဆိပ်ဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်(၁)ဦးအား ဂုဏ်ပြုဆုကိုလည်းကောင်း၊ လူသတ်မှုမှ တရားခံများ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းအားလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အကြမ်းဖက်သောင်းကျန်းသူများအား ရွပ်ရွပ်ချွံချွံ ကာကွယ်တိုက်ခိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ချီးမြှင့်သော ရဲသူရဘွဲ့တံဆိပ်ဆုနှင့် ရဲဗလဘွဲ့တံဆိပ်ဆုများကိုရရှိသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် (Video Clip)အား ကြည့်ရှုခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကယားပြည်နယ်ရဲတပ်ဖွဲ့က ခင်းကျင်းပြသထားသည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံ ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)