မုံရွာ အောက်တိုဘာ ၁
အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ အချိန်က မုံရွာမြို့စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊တိုင်းဒေသကြီး ခရိုင်အဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မုံရွာမြို့ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင်စိုးက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့်၊ မြန်မာနိုင်ငံ သက်ကြီးဘိုးဘွားများ၏ အခြေအနေနှင့် သက်ကြီးဘိုးဘွားများ စောင့်ရှောက်မှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသက်အကြီးဆုံးဖြစ်သော ကျွန်းလှမြို့နယ်မှ အသက် ၁၂၀ နှစ် အဘွားတစ်ဦးအပါအဝင် တက်ရောက်လာကြသည့် သက်ကြီးဘိုးဘွားတို့အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် တာဝန်ရှိသူများက ဂါရဝလက်ဆောင်ပစ္စည်းများဖြင့် ကန့်တော့ခဲ့ကြသည်။
ထိုနောက် တက်ရောက်လာကြသည့် ကန့်တော့ခံ အဘိုးအဘွားများကိုယ်စား မုံရွာမြို့ ဘိုးဘွားရိပ်သာမှ အဘိုး ဦးအေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသက် ၆၀ နှစ်အထက် သက်ကြီးအဘိုးအဘွားဦးရေ စုစုပေါင်း၂၉၇၂၉ ဦးရှိပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနအဖြင့် ယခုဘဏ္ဍာနှစ် ပထမ ၃ လပတ်အတွင်း အဘိုးအဘွားဦးရေ ၁၄၉၆၅ ဦးအား နိုင်ငံတော်က ချီးမြှင့်သည့် လူမှူရေးပင်စင် များထုတ်ပေးထားရှိပြီးဖြစ်ကြောင်းသိရပြီး တိုင်းဒေသကြီးအတွင်း ဘိုးဘွားရိပ်သာ ၇ ခု၊ လူမှုအားမာန် (ISH) ၅ဖွဲ့ ဖွဲ့စည်းထားရှိပြီး ယခုနှစ်အတွင်း လူမှုအားမာန် ၅ ဖွဲ့ ထပ်မံဖွဲ့စည်းဆောင်ရွက်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)