ပုသိမ် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုနှုန်း တိုးတက် များပြားလာသည်နှင့်အမျှ ယခုထက် ပိုမို၍ ကူစက်မှုများပြားလာပါက Quarantine ထားရှိမည့်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယနေ့နံနက် ၁၀ နာရီက ပုသိမ်မြို့ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Hotel Quarantine ထားရှိရေးအတွက် ဟိုတယ် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် ဝန်ကြီးက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ ဆောင်ရွက်နေမှုများ နှင့် ယခုလက်ရှိအချိန်တွင် တိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာ ၅၂ ဦးရှိနေပြီး ၂ ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် ၅၀ ဦးမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း၊ ပိုမိုမြင့်တက်လာနေသည့် ရောဂါပြန့်ပွားမှုအတွက် ရန်ကုန်မှ ဝင်ရောက်လာသူများအား Hotel Quarantine ထားရှိနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးသည်။ ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်က ယခုကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ရန်ကုန်မြို့မှစတင်ကာ ပုသိမ်မြို့သို့ ရောဂါကူးစက်ပျံ့နှံ့ခဲ့ပြီး ကူးစက်မှုမြန်ဆန်သည့်အတွက်ကြောင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် သွားကြရန်နှင့် Hotel Quarantine ဖွင့်လှစ်ဆောင်ရွက်မည်ဆိုပါက ကြိုတင်ပြင်ဆင် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပုသိမ်မြို့ပေါ်မှ ဟိုတယ်လုပ်ငန်းရှင်များက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဝန်ထမ်းအင်အား အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်ဟန်(ပြန်/ဆက်)