အထက်မင်းလှ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအားလုံး ကာကွယ်ဆေးထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ စိုက်ပျိုးရေးချေးငွေနှင့် (သမ)ချေးငွေများပြန်လည်ဆပ်နှံရန် ကျန်ရှိနေသည့်ကျေးရွာများ ပြန်လည်ဆပ်နှံနိုင်ရေး ဆောင်ရွက်ရန်၊ ဆောင်းသီးနှံများအောင်မြင် ဖြစ်ထွန်းအောင် စိုက်ပျိုးရန်ကျန်ရှိနေသည့် တောင်သူများ စိုက်ပျိုးနိုင်ရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ မွေးမြူရေးနှင့်ပတ်သက်ပြီး တိရစ္ဆာန်များတွင် ကူးစက်ရောဂါမဖြစ်ပွားစေရေး သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ရန်၊ အိမ်ထောင်စုစာရင်း အချက်အလက်များမှန်ကန်မှုရှိစေရေး၊ ကျေးလက်လမ်းများကောင်းမွန်ရေး၊ မြေအောက်ရေရရှိရေးကိစ္စရပ်များ၊ ရေလှောင်ကန်များ သန့်ရှင်းရေးဆောင်ရွက်ထားရှိရန်၊ ဆရာ/ဆရာမများ အဆင်ပြေစွာနေထိုင်နိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိရန်နှင့် လုံခြုံရေးကိစ္စများတွင် ဝိုင်းဝန်းပါဝင်ကူညီကြပါရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)