စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး မုံရွာမြို့တွင်ကျင်းပသည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့တက်ရောက်

မုံရွာ အောက်တိုဘာ ၁

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ  ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ   စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ဝင်းတင်စိုးက မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဖြစ်ပေါ်လာပုံနှင့် ရဲတပ်ဖွဲ့များ၏ရည်ရွယ်ချက်၊ လုပ်ငန်း တာဝန်များအောင်မြင်ရေး ကြိုးစားအကောင်အထည်ဖော်ရာတွင် ပြည်သူများနှင့်အတူ တစ်စိတ် တစ်ဝမ်းတည်းဖြစ်စေဖို့၊ ပြည်သူက အားကိုးယုံကြည်ရသော ရဲတပ်ဖွဲ့ဝင်များဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်နိုင်စေရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဉာဏ်မြင့်ကျော်က ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ရဲချုပ်ကပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရဲဝံ့သတ္တိရှိစွာဖြင့် အသက်ကိုပဓာနမထားပဲ ပြည်သူ့အကျိုးရဲတပ်ဖွဲ့တာဝန်များကို ထမ်းပိုး ဆောင်ရွက်ခဲ့ကြသော ရဲသူရ၊ ရဲဗလဘွဲ့ရ ရဲတပ်ဖွဲ့ဝင်များအား လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ထူး ဆောင် ဘွဲ့တံဆိပ်များ ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဗီဒီယိုအား ပြသခဲ့ကြပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)