ဘိုကလေးမြို့နယ်တွင် ပန်းခင်းစီးမံချက်ဖြင့် အသက်(၁၀)နှစ်မှ (၁၈)နှစ်အတွင်း ပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ် ဆက်လက်ပြုလုပ်ပေး

ဘိုကလေး အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ၊ သဒ္ဓမ္မဝတီကျောင်းတိုက်တွင် ယမန်နေ့နံနက်မှ စတင်ကာ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ အမှတ်(၇)ရပ်ကွက်အတွင်းရှိ တစ်ကြိမ်တစ်ခါမှ နိုင်ငံသားစိစစ်ရေးကဒ်မပြုလုပ်ရသေးသည့် အသက်(၁၀)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများနှင့် ပြည်သူများအား ပန်းခင်းစီးမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နေ့လယ် (၂)နာရီခွဲအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးကံဝင်းမှ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

နိုင်ငံသားစိစစ်ရေးကဒ်များ ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးအဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်၏ ကြီးကြပ်မှုဖြင့် ကွင်းဆင်းပြုလုပ်ပေးခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံသားစိစစ်ရေးကဒ်များအား သတ်မှတ်ချက်များနှင့် အညီပြည့်မှီသည့် ပြည်သူများ နိုင်ငံသား စိစစ်ရေးကဒ်မဖြစ်မနေ ကိုင်ဆောင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါ နိုင်ငံသားစိစစ်ရေးကဒ်ပြုလုပ်ပေးခြင်း လုပ်ငန်းစဉ်အား ကျန်ရှိနေသော ရပ်ကွက်များနှင့် ကျေးရွာများကိုလည်း သတ်မှတ်ရက်များအလိုက် ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)