သာပေါင်း စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ပြည်သူများအား သန့်ရှင်းလတ်ဆတ်သော ရေချိုငါးများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင် ရေးအတွက် မြို့နယ်အတွင်းရှိ အင်းဂရန်ကိုင်များမှ ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီ အချိန်က (သီရိရွှေသာစျေး) မြို့မစျေးရှေ့တွင် ရောင်းချပေးကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးသိမ်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများက လာရောက်ပူးပေါင်းကာ စျေးရောင်း၊ စျေးဝယ်နေမှုအား အားပေးကူညီခဲ့ကြပြီး လာရောက်ဝယ်ယူသူ အိမ်ထောင်စု(၁၄၀)အား ငါးစားသုံး ရခြင်း အကျိုးကျေးဇူး လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၄၀၀၀ ကျပ်နှုန်း၊ ငါးခေါင်းပွ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန်(၇၀)ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြပြီး အခြေခံ လူတန်းစားများ သက်သာသော စျေးနှုန်းဖြင့် ငါးစားသုံးနိုင်ရေး ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်