သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် ဆောင်းနေကြာကွင်းသရုပ်ပြစိုက်ပျိုးပွဲကျင်းပ

သရက် စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ နေကြာ တစ်ဧကအထွက်နှုန်း တိုးတက်စေရန်ရည်ရွယ်၍ သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် ဆောင်းနေကြာ ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီက သရက်မြို့နယ် ပိဿလိမ်းအုပ်စု၊ သဲဖြူကျေးရွာ ကွင်းအမှတ် (၂၀၇ A ခ) (၃၀ဧက) စိုက်ကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကွင်းသရုပ်ပြစိုက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တောင်သူ (၁၀၇) ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က နေကြာသီးသန့်၊ သီးညှပ်စိုက်ပျိုးခြင်းကို တောင်သူဦးကြီးများ စိတ်ပါဝင်စားစွာ စနစ်တကျ စိုက်ပျိုးကြရန်လိုကြောင်း ပြောကြားပေးခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုးက စိုက်ပျိုးပွဲတော်ပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်အား အကျယ်တဝံ့ပြောကြားပေးခဲ့သည်။ တက်ရောက်လာသည့် တောင်သူများအား ရေဆင်း(၁) စပ်မျိုးနေကြာ (၆ဧက) မျိုးစေ့ထုတ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ပြီး သရက်မြို့နယ် ပိဿလိမ်းအုပ်စု သဲဖြူကျေးရွာ ကွင်းအမှတ် (၂၀၇ A ခ) တွင် စိုက်ပျိုး ရေးဦးစီးဌာနမှကြီးကြပ်၍ ဆောင်းနေကြာ(၃၀ဧက)စံပြကွက်ကို ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇော်ထက်(သရက်)