ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များ အရောင်းသွက်

ပခုက္ကူ စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ သီတင်းကျွတ်ကာလ မတိုင်မီကပင်အရောင်းသွက်လျက်ရှိပြီး နေ့စဉ်ပျမ်းမျှငွေကျပ် တစ်သိန်းအထိရောင်းချရကြောင်း  သိရသည်။

သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များကို ပခုက္ကူမြို့၊ လွတ်လပ်ရေးပန်းခြံအရှေ့ဘက် မြို့မဈေးကြီးအဝင်၊ ထင်းတန်းလမ်းတလျှောက်နှင့် သီဟိုဠ်ရှင်ဘုရားကြီးရှေ့တို့တွင် အဓိကရောင်းလျက်ရှိကြပြီး အဆိုပါမီးပုံးနှင့်အရုပ်များကို အမှတ်၁ရပ်ကွက်၊ အမှတ်၁၀ရပ်ကွက်၊ အမှတ်၁၃ရပ်ကွက်များမှ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းလုပ်ကိုင်သူများက လာရောက်ရောင်းချ ခြင်းဖြစ်ကြောင်း၊ ရောင်းချရာတွင် သီတင်းကျွတ်မီးပုံး၊မီးဆိုင်းများကို အနိမ့်ဆုံးငွေကျပ် ၈၀၀မှ အမြင့်ဆုံးငွေ ကျပ်၁၂၀၀ ဖြင့်လည်းကောင်း၊ ကလေးကစားစရာအရုပ်များဖြစ်သည့် ယုန်ရုပ်၊ သင်္ဘောပုံစံမျိုးစုံ၊ တိုက်လေယာဉ်ပုံများကို အနည်းဆုံးငွေကျပ် ၁၅၀၀မှ အမြင့်ဆုံးငွေကျပ် ၂၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ဟယ်လီကော်ပတာပုံများကို ငွေကျပ် ၂၅၀၀မှ၅၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်း အထူးအော်ဒါစနစ်ဖြင့် အသီးသီးရောင်းချကြကြောင်း၊  ဝါခေါင်လမှစတင်ပြီး  သီတင်းကျွတ်မီးပုံးနှင့်ကလေး ကစားစရာအရုပ်ပုံစံများ ဖန်တီးပြုလုပ်နိုင်ရန် မှန်ရောင်စက္ကူတစ်ရွက်ကို ၁၀၀၀ကျပ်နှုန်းနှင့် ဆီစိမ်အကြမ်းစက္ကူတစ်ရွက်ကို ၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူရကြောင်း၊ မှန်ရောင်စက္ကူများအနေဖြင့် ဝါ၊ စိမ်း၊ နီ၊ ပြာ၊ ပန်းနု၊ ပန်းဆီစသည့် အရောင်မျိုးစုံရှိကြောင်း၊ လက်ရှိတွင် သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာပစ္စည်းများမှ ယုန်ရုပ်နှင့်လေယာဉ်ရုပ်များ ပိုမိုဝယ်ယူကြပြီး နေ့စဉ် အနည်းဆုံး ငွေကျပ်ခုနစ်သောင်းမှ တစ်သိန်းအထိရောင်းချရကြောင်း၊ စက်တင်ဘာအစောပိုင်းက စတင်ပြီး လာရောက်ရောင်းချခြင်းဖြစ်ကြောင်း ပခုက္ကူမြို့၊ အမှတ်(၁၀) ရပ်ကွက်မှ လက်လီစနစ်ဖြင့် ပြန်လည်ရောင်းချသူ တစ်ဦးက ပြောပြသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် အခြားဘေးအန္တရာယ်အမျိုးမျိုးတို့ကြောင့် ယခုနှစ်တွင် နိုင်ငံတကာဈေးကွက်များမှ ပစ္စည်းများဝင်ရောက်မှု နည်းပါးလျက်ရှိပြီး အခြားဒေသထွက် မြန်မာ့ရိုးရာလက်မှုပစ္စည်းများ ပိုမိုရောင်းချနေရကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)