မူလတန်းကြိုကျောင်း ပန္နက်တင်မင်္ဂလာအခမ်းအနားနှင့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ပုသိမ် စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် မူလတန်းကြိုကျောင်း ပန္နက်တင်မင်္ဂလာအခမ်းအနား နှင့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ရေကြည်မြို့နယ်၊  အောင်ဆန်းမြို့ပတ်လမ်းရှိ မူလတန်းကြိုကျောင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သတ်မှတ်နေရာများ၌ နေရာယူ၍ ပန္နက်တိုင်များ စိုက်ထူ‌ပေးသည်။ ယင်းနောက် အခမ်းအနားအား ဆက်လက်ပြုလုပ်ရာ မူလတန်းကြိုကျောင်း RC(၂)ထပ်ဆောက်လုပ်မည့် ကုမ္ပဏီမှ အဆောက်အဦ ဆောက်လုပ် မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က" ရေကြည်မြို့နယ်တွင် RC(၂)ထပ် မူလတန်းကြိုကျောင်း ပေါ်ထွန်းလာတော့မည်ဖြစ်ရာ ကလေးငယ်များပိုမို လုံခြုံစိတ်ချစွာ ပညာသင်ယူနိုင်မည် ဖြစ်ပါကြောင်း၊ မူလတန်းကြိုကျောင်းမှ စတင်၍ ပတ်ဝန်းကျင်ကောင်းတွင် သင်ကြားမှုစတင်ရာမှတဆင့် အခြေခံပညာကျောင်းများသို့ အခက်အခဲမရှိ ပညာသင်ကြားနိုင်မည် ဖြစ်ကြောင်း၊ မြေနေရာလှူဒါန်းပေးသည့် အလှူရှင်အား ကျေးဇူးတင်ရှိပါကြောင်းနှင့် မြို့သူ၊ မြို့သားများကလည်း မိမိမြို့စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေး ပူးပေါင်းဆောင်ရွက် ကြရန်လိုပါကြောင်း” ပြောကြားသည်။ ယင်းနောက် မူလတန်းကြို ကျောင်း ဆောက်လုပ်ပေးခြင်းနှင် ပတ်သက်၍ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ကျားချောင်ကျေးရွာအုပ်စု၊ ကျားချောင် ကျေးရွာ တောင်သူဦးစိုးမြင့်၏ ကွင်း/ဦးပိုင်အမှတ် (၈၇၈၊၂/၁) ဆင်းသုခ (၁.၀၀)ဧက မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ရာ တစ်ဧကအထွက်နှုန်း ၇၇ တင်း ထွက်ရှိခဲ့ကြောင်းနှင့် ဝန်ကြီးချုပ်က ယူရီးယား ဓာတ်မြေဩဇာသုံးစွဲမှု လျှော့ချရေးနှင့် သစ်စိမ်းမြေဩဇာ၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများ သုံးစွဲရေးတို့အား မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)