သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးငယ်များ ဘဝမြင့်တင်ရေးယက်ကန်းသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

သံတောင်ကြီး စက်တင်ဘာ ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အမျိုးသမီးငယ်များ  အလုပ်အကိုင်ရရှိရေး  အမျိုးသမီးငယ်များ ဘဝမြင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယက်ကန်းသင် တန်းဆင်းပွဲကို  ယနေ့နံနက်(၁၀)နာရီအချိန်က ရှင်ဂျော့ဂျက်အသင်းတော် ဘော်ဒါဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဘိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက  ယက်ကန်းသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ရှင်ဂျော့ဂျက်အသင်းတော်ဘုန်းတော်ကြီး ဦးတင်အုန်းက မိမိတို့အသင်းတော်တွင် အမျိုးသမီးငယ်များအတွက်  ယက်ကန်းသင်တန်းဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ယခုယက်ကန်း သင်တန်း တက်ရောက်သည့်အမျိုးသမီးငယ်များမှ  ဆက်လက်ပြီး ယက်ကန်းယက် ခြင်းကိုစိတ်ပါဝင်စားသည့် အမျိုးသမီးများအား  ပြန်လည်လက်ဆင့်ကမ်းမျှဝေပေးသွားမည်ဖြစ် ကြောင်း  ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဘိုက ရှင်ဂျော့ဂျက်အသင်းတော်အတွက် Mask များကို   ပေးအပ်လှူဒါန်းရာ  ဘုန်းတော်ကြီး စောလာတာမူးက လက်ခံရယူခဲ့သည်။

အဆိုပါ ယက်ကန်းသင်တန်းကိုစက်တင်ဘာလ(၁)ရက်မှ (၃၀)ရက်အထိတစ်လတာ သင်ကြားပေးခဲ့ ပြီးသင်တန်းသူ(၁၀)ဦး တက်ရောက်ကာသင်တန်းဆရာမ(၂) ဦးဖြင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။                                                                                                နော်နော်မူ