မင်းလှ စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့အဝင်နေရာဖြစ်သည့် လူစည်ကားရာ သရက်တပင်တာဆုံ၌ ယနေ့နံနက် ၁၀ အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသိန်းဇော်ဖြိုးမင်း၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်း၍ စီးနင်းခြင်း၊ နောက်ကြည့်မှန်၊ ယာဉ် လိုင်စင်၊ လူလိုင်စင်တို့ကို စစ်ဆေးခဲ့ပြီး၊ နောက်ရက်များတွင် စစ်ဆေးတွေ့ရှိခဲ့ပါက ဒဏ်ငွေများရိုက်ခြင်း ပြုလုပ်ခံရမည်ဖြစ်ပြီး၊ ထပ်မံလိုက်နာမှုမရှိပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)