မုံရွာ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နှာခေါင်းစည်း Mask Campain ဆောင်ရွက်ခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့ နံနက်(၈)နာရီမှ (၉)နာရီအထိ မုံရွာမြို့ ဗိုလ်ချုပ်လမ်း နာရီစင်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ နှာခေါင်းစည်း Mask ကမ်ပိန်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ NGO အဖွဲ့များက ခရီးသွားပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်နိုင်ရေး အသိပညာပေးဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း ၅၀၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသော ကျန်းမာရေးဆိုင်ရာ အသိပေးကြေညာချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး အသိပေးနှိုးဆော်ခြင်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)