ရွှေဘိုမြို့အထက(၁)တွင် လူငယ်စကားဝိုင်းကျင်းပ

ရွှေဘို စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ကခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာ​ရေးဌာနတို့ပူး​ပေါင်းကာ၊ အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်းခန်းမတွင်၊  ၂၈-၉-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်​ထောက် ညွှန်ကြားရေးမှူး ​ဒေါ်​အေးမြမွန်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “ လူငယ်တွေအနေနဲ့ စကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြ ရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး  လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ” ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ​ရွှေဘိုမြို့နယ် စာ​ရေးဆရာအသင်းဥက္ကဋ္ဌ ဆရာ​​အောင်ဘုန်းညိုက၊ လူငယ်နှင့်တန်ဘိုး၊ ဘဏ္ဍာ​ရေးမှူး ဆရာမြတ်သာထွန်း (​ရွှေစံပြ)က လူငယ်နှင့်စာဖတ်ခြင်း၊ အမှတ်(၁)အ​​ခြေခံပညာအထက်တန်း​ကျောင်းမှ Grade 11 ​ကျောင်းသူ မ​နွေး​နွေးနှင့်မဂျူ​မေလျှံတို့က စာအုပ်စာ​ပေလူ့မိတ်​ဆွေ၊ စာဖတ်ခြင်းအကျိုး စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ သူလေး များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြား‌ပေးခဲ့ကြပြီး​​ မေးမြန်းသူများအားရွှေဘို​သွေး မဂ္ဂဇင်းစာအုပ်များ ချီးမြှင့်​ပေးအပ်ခဲ့​ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်​ထောက်ညွှန်ကြား​ရေးမှူးနှင့်ဝန်ထမ်းများ၊ အထက(၁)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်