လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် မျိုးစိတ်သစ်  BA.4  နှင့်  BA.5 ရောဂါကာကွယ်ရေး နည်းလမ်းများ ကရင်/မြန်မာနှစ်ဘာသာဖြင့် နှိုးဆော်ဆောင်ရွက်

လိပ်သို  စက်တင်ဘာ  ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့်  BA.5 ရောဂါကြိုတင်ကာကွယ် ရေး အသိပညာပေးနှိုးဆော်မှုများကို  ဒေသနေပြည်သူများ သိရှိစေရန်အတွက် ကရင်/မြန်မာနှစ်ဘာသာဖြင့် ယနေ့နံနက် ၈ နာရီအချိန်က  အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် မျိုးစိတ်သစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့်အချက်များနှိုးဆော်ပေးရာတွင် မျိုးကွဲသစ်အိုမီခရွန် မျိုးစိတ်သစ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်သည့်အတွက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်သူများကို ထိရောက်စွာ လျော့ချနိုင်ခြင်းတို့ကြောင့် မိဘပြည်သူများအနေဖြင့်  ကိုဗစ်ကာကွယ်ဆေးများကို အကြိမ်ပြည့် ထိုးနှံကြရန်၊ ဒေသနေပြည်သူများအနေဖြင့်  ပြင်ပသို့ထွက်ခွာပါက  ပါးစပ်၊ နှာခေါင်းစည်း(Mask) များကို စနစ်တကျတပ်ဆင်သွားလာကြရန်၊  လူစုလူဝေးပြုလုပ်ခြင်းနှင့်  သွားလာခြင်းများကို တတ်နိုင်သလောက် ရှောင်ကြဉ်ကြရန်၊ အရာဝတ္တုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်များကို ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးကြောကြရန်စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်း များကို အသိပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို  မီးသတ်တပ်ဖွဲ့ဝင်များ၊ လိပ်သိုတိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက  ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)