ဘုတလင် စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာနှင့် ထိတွေ့ခဲ့သူ ၁၆ ဦးနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများမှ ပြန်လည်ရောက်ရှိလာသူများအား ယနေ့ နံနက်ပိုင်းက နှာခေါင်းနှင့် အာခေါင်တို့ပတ်များ ရယူခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဖြိုးကျော်အောင်ထံမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သည့် ဆရာတော်တစ်ပါးနှင့် လွှဲတဲကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအပါအဝင် ထိတွေ့ခဲ့သူ ၁၆ ဦးနှင့် မြဝတီခန်းမ၊ အထက(ဘုတလင်)၊ မြို့သစ်ချောင်း၊ ပေပင်သာ၊ ပဲပြစ်တောကျေးရွာ Quarantine များရှိ အခြားပြည်နယ်/တိုင်းဒေသကြီးများမှ ပြန်လည် ရောက်ရှိလာသူ ၃၂ ဦး၊ စုစုပေါင်း ၄၈ ဦးကို နှာခေါင်းနှင့် အာခေါင်တို့ပတ်များ ရယူပြီး မန္တလေးမြို့၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပေးပို့ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သည့် ဆရာတော် တစ်ပါးမှာ ရတနာပုံကျောင်းတိုက် သီးခြားအဆောင်တွင် သီးတင်းသုံးလျက်ရှိပြီး ကျန် ၁၅ ဦးမှာ လွှဲတဲကျေးရွာ စာသင်ကျောင်းရှိ Facility Quarantine တွင် ထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဖြိုးကျော်အောင်က ပြောသည်။
ဘုတလင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် Facility Quarantine ၇၄ ခုတွင် ပြည်ပနိုင်ငံများနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများမှ ပြန်လည်ရောက်ရှိလာသူ ၄၄၃ ဦး ရှိပြီး အခြားဒေသများမှ ဘုတလင်မြို့နယ်သို့ ပြန်လည်ရောက်ရှိ နေသူများ နေ့စဉ်နီးပါး ရှိကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)