ဟားခါး စက်တင်ဘာ ၂၉
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မိမိတို့ချင်းပြည်နယ်အတွင်းရှိ မြို့နယ် (၃)မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေသည့်အတွက် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုးဆောင်ရွက်ရန်လိုကြောင်း၊ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါဖြစ်ပွားမှု၊ ပြင်းထန်မှု၊ သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သဖြင့် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို အရှိန်အဟုန်မြှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် မြို့နယ်များမှ တင်ပြလာသည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာများကို လည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မိုရ်စိုးက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ၂၆−၉−၂၀၂၂ ရက်နေ့အထိ အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိနှင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု ၊ အသက် ၁၈ နှစ်အထက် ပြည်သူများ Booster Dose ( 1 st Booster) ထိုးနှံပြီးစီးမှုနှင့် ထပ်ဆောင်း Booster Dose ( 2nd Booster ) ထိုးနှံပြီးစီးမှု ၊ အသက် ၁၂ နှစ်မှ ၁၈ နှစ် ကျောင်းသား ကျောင်းသူများ 1 st Booster Dose ထိုးနှံပြီးစီးမှု အခြေအနေ၊ မြို့နယ်အလိုက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများ အခြေအနေများကို လည်းကောင်း၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာမောင်မောင်ဝင်းက ကိုဗစ်−၁၉ ရောဂါပိုး ကူးစက်ခံရသူများအနက် သတ်မှတ်ချက်များနှင့် ကိုက်ညီသောသူများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့် လုပ်ငန်းလမ်းညွှန် (Version 1.2) ကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ဝင်၊ မြို့ထွက်များတွင် RDT Test Kit ဖြင့် စစ်ဆေးမှုအခြေအနေ ၊ Mask Campaign များပြုလုပ်မှု၊ အသိပညာလုပ်ငန်းများ စဉ်ဆက်မပြက် ဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် Mask Campaign များ ပိုမိုဆောင်ရွက်ပေးရန် လိုအပ်မှု၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ လိုအပ်ချက်ရှိပါက အချိန်မီတင်ပြရန် လိုအပ်မှုတို့ကို ဖြည့်စွက်ဆွေးနွေးပြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းမှလည်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က တစ်မြို့နယ်ချင်းအလိုက် အကြုံပြု သုံးသပ်ဆွေးနွေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)